Monday, 25 April 2016 15:37

မူဆယ်မြို့တွင် မပေါက်ကွဲသေးသည့် အသံမိုင်းနှစ်လုံးတွေ့ရှိ

Written by
Rate this item
(0 votes)

 မူဆယ်မြို့ ၊ဆင်ဖြူဈေးအနီးတွင် မပေါက်ကွဲသေးသည့် အသံမိုင်းနှစ်လုံးကို ယနေ့ ဧပြီ ၂၅ ရက် နံနက်၇း၃၀က တွေ့ရှိခဲ့သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှ သတင်းရရှိသည်။



ယနေ့ နံနက်ပိုင်းက မူဆယ်မြို့မဈေးကြီး နှင့် ဆင်ဖြူဈေးလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ဈေးလုံခြုံရေးတို့ ပူးပေါင်းလှည့်ကင်းဆောင်ရွက်နေစဉ် ဆင်ဖြူဈေးတောင်ဘက် ရှိ ဆန်းသစ်ကားဂိတ် အနောက်ဘက် ပေ ၂၀အကွာ အမှိုက်ပုံအနီး တွင် စနက်တံတပ်ထားသည့် အသံမိုင်းနှစ်လုံးအားတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရဲဦးစီး (၁) ဒုတိယရဲမှူးကြီး စန်းလွင် က ပြောသည်။

" ယမ်းကြိုးတပ်ဆင်ထားတဲ့ အစိမ်းရောင်စက္ကူပတ် အသံမိုင်းတစ်လုံးရယ်၊ အနီရောင် စက္ကူပတ် အသံမိုင်းတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်၊ လူတွေကို ထိခိုက်ဒဏ်ရာရရှိစေနိုင်တဲ့ ဘောစိတွေတော့မပါပါဘူး ။ ကိုယ်ထည်မှာ ဖျက်အားမြင့် ယမ်းတွေ အသုံးပြုထားတာတွေ့ရပါတယ် " ဟု ဒုတိယရဲမှူးကြီး စန်းလွင် ကပြောသည်။

အဆိုပါ မိုင်းနှစ်လုံးကို ပတ်ဝန်းကျင်ပြည်သူများ ထိခိုက်မှုမရှိစေရေးအတွက် နယ်မြေခံတပ်မတော် တပ်ရင်းတပ်ဖွဲ့ အားအကြောင်းကြားပြီး ရှင်းလင်းခဲ့ကြောင်း သိရသည်။


မိုင်းများသည် တရုတ်နိုင်ငံလုပ် မိုင်းများဖြစ်ပြီး အမှုအား ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည် ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှ သတင်းရရှိသည်။

Credit to>>> 7Days News

Read 3086 times
You are here:   HomeALL NewsLocal Newsမူဆယ်မြို့တွင် မပေါက်ကွဲသေးသည့် အသံမိုင်းနှစ်လုံးတွေ့ရှိ